ရမည်းသင်းမြို့နယ် KEC ကိုယ်ပိုင်ကျောင်း၌ စာဖတ်ဝိုင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ

ရမည်းသင်း စက်တင်ဘာ ၅

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက KEC ကိုယ်ပိုင်ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်သိမ့်သိမ့်မျိုးက စက်တင်ဘာ ၁ ရက်ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၂)၊ အမှတ်(၁၇)ပါ ဆောင်းပါးရှင်မိုးစွေ၏ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ဆောင်းပါးဖြင့် ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ ကျောင်းသား မောင်အာကာမင်းထိုက်ကျော်က ဆည်များတည်ဆောက်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ ကျောင်းသူ မကျော့မှူးသခင်က အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်းဆိုးကျိုးများအကြောင်းနှင့် ကျောင်းသား မောင်ထက်ဝေယံထွန်းက ကြက်ငှက်တုပ်ကွေးရောဂါအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်ထွန်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)