မိုင်းယောင်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဝင်းတင်နှင့် အတွင်းရေးမှူး ဦးမိုးဝင်း (ခ) တင်မိုးဝင်းက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားပြီး ကော်မရှင်ရုံးမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများက မဲပေးနည်း သရုပ်ပြသသည်။
ထို့နောက် တက်ရောက်လာသည့် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်မှ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်း လက်တွေ့လုပ်ဆောင်ကြသည်။
အဆိုပါ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း