မောက်မယ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍၂၀၂၅−၂၀၂၆ခုနှစ်မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (၆) တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့မအုပ်စု ကွင်းအမှတ် (၂၁) ဦးပိုင်အမှတ် (၃) ရှိ တောင်သူဦးလုံးစောန၏ လယ်မြေ (၄) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းရည်ထူးက (၆)တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ကိုင်တွယ်အသုံးပြုနည်းများ၊ မိုးစပါးစိုက်ပျိုးရာတွင် သတိပြု လိုက်နာရမည့်အချက်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြသည်။ အဆိုပါလက်ဆွဲမျိုးစေ့ချ ကိရိယာ(Drum Seeder)နှင့် မိုးစပါးစိုက်ပျိုးခြင်းဖြင့် အလုပ်သမားလိုအပ်ချက်လျှော့ချနိုင်ခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း ကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ အပင်ပေါက်ကောင်းမွန်ခြင်းနှင့် ပင်ကြားတန်းကြားညီညာစွာ စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပေါင်းလိုက်ရာတွင် လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးခြင်းတို့ကြောင့် တောင်သူများအား ထားရမည့် စက်ကိရိယာတစ်ခုဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)