တံတားဦး စက်တင်ဘာ ၅
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် ဖွဲ့စည်းတည်ဆောက်ပုံ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက အမှာစားပြောကြားပြီး တံတားဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအကြောင်း ပြောကြားရာတွင် မဲပေးခြင်းစက်၏ အသုံးဝင်ပုံ၊ ယခင်မဲပေး စနစ်ထက် ယခုမဲပေးစနစ်၏ အားသာချက်များ၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်အသုံးပြုမည့်စက်ဖြစ်သည့်အတွက် စနစ်တကျကိုင်တွယ်အသုံးပြနိုင်ရေးနှင့် ကိုယ်တိုင်မဲပေးရာတွင် အမှားအယွင်းမရှိစေရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ သိရှိလိုသည်များကို ဆွေးနွေးကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေရှင်းပေးကြသည်။
အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အမှတ် (၁၊ ၂၊ ၃) မှ ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)