ရန်ကုန် စက်တင်ဘာ ၅
အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၅)၊ လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သင်တန်းကြီးကြပ်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဆင်းအမှာစကားပြောကြားရာ e-Government စနစ်သည် အစိုးရဌာနဆိုင်ရာ အဖွဲ့စည်းများက ICT နည်းပညာကို အသုံးပြုပြီး ၎င်းတို့၏ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများသို့လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ ဌာနဆိုင်ရာများသို့လည်းကောင်း၊ အင်တာနက်မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါကြောင်း၊ အီလက်ထရောနစ်ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာစေရေးနှင့် e-Government ၏ အကျိုးကျေးဇူးများအား သိရှိနားလည်မှု မြင့်မားလာစေရေးသည် e-Government အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ပါကြောင်းနှင့် e-Government စနစ်လုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဌာနဆိုင်ရာအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး လိုက်ပါဆောင်ရွက်ကြကာ သက်ဆိုင်ရာသင်တန်းများကို သင်ကြားတတ်မြောက်ခဲ့သည့် ကျွမ်းကျင်မှုများကို မိမိတို့၏ ဌာနဆိုင်ရာအသီးသီးတွင် ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းများတွင် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းဆင်းလက်မှတ်အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)