အမရပူရ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာခန်းမတွင် စက်တင်ဘာလ ၅ ရက်နေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်ခွဲခြားစွန်ပစ်မှုစနစ်နှင့် ပလတ်စတစ်လျှော့ချ သုံးစွဲခြင်းလှုပ်ရှားမှု အခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်အောင်မိုးက အမှိုက်ခွဲခြားစွန်ပစ်မှုစနစ်နှင့် ပလတ်စတစ် လျှော့ချသုံးစွဲခြင်းလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့်လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယကဒေါ်မမနှင့် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးတို့က အခြေခံပညာကျောင်းများ အတွက်အမှိုက်ပုံးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးဌာန ဝန်ထမ်းများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်စွန့်ပစ်အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်တို့ကို ခွဲခြားစွန်ပြစ်ပုံတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကပြထားသောနံရံကပ်ပြဘုတ်များကို မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်ဥက္ကဋ္ဌတို့ ဦးဆောင်သောအဖွဲ့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)