ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာ(၄)မျိုးထောက်ပံ့ ပေးအပ်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများအား ရိက္ခာလေးမျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အမှာစကားပြောကြားရာတွင် နေရပ်စွန့်ခွာပြည်သူများအနေဖြင့် မိမိတို့မြို့နယ်အတွင်း အေးချမ်းစွာနေထိုင်ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ နေထိုင်ရာတွင်လည်း ရပ်ကွက်တာဝန်ရှိသူများက သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ နေထိုင်ရန်လိုအပ်ပါကြောင်း၊ အခက်အခဲများရှိပါကလည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် မိမိတို့မြို့နယ်တာဝန်ရှိသူများထံသို့ တင်ပြ၍ရကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် တစ်ပတ်စာအတွက် ဆန်တစ်ပြည်နှင့်ခြောက်လုံး၊ ဆီတစ်ဆယ့်ငါးကျပ်သား၊ ကုလားပဲသုံးဆယ့်ငါးကျပ်သား၊ ဆားခုနှစ်ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၈၃ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)