ချမ်းအေးသာစံ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မန္တလေးမြို့တွင် Yoma Mandalay Run For the Community 2025 ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ YOMA Group မှ တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ရှင်းလင်းတင်ပြရာတွင် YOMA Group မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းများလည်ပတ်နေမှု၊ Yoma Marathon ပွဲများကို ကျန်းမာရေးနှင့်လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်အပေါ် အတွေ့အကြုံများ၊ မန္တလေးမြို့တွင် Yoma Mandalay Run For the Community 2025 ကျင်းပမည့် ရည်ရွယ်ချက်များနှင့်အောင်မြင်စွာကျင်းပနိုင်ရေး လျာထားအစီအမံများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို အားကစားပြက္ခဒိန်ရေးဆွဲပြီး အလေးထားကာ ကျင်းပပေးနေမှုများ၊ မန္တလေးမြို့တွင် Yoma Mandalay Run For the Community 2025 ကျင်းပမည့်အခမ်းအနားနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပမှအသက်အရွယ်မရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေးအပျော်တမ်း၊ ဝါသနာရှင်များစွာဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲသွားနိုင်ရေး နှင့် ဆုများကိုလည်း ထိုက်တန်စွာချီးမြှင့်သွားရေး၊ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရေး တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက YOMA Group တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ပြောကြားပြီးနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယာပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(မန္တလေး) ကျောင်းအုပ်ကြီးတို့က တင်ပြအကြံပြုပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်