မိုင်းခတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (ပွဲတန်ထမ်း) ကျင်းပ

မိုင်းခတ် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော် (ပွဲတန်ထမ်း) ပွဲတော်ကို စက်တင်ဘာ ၄ ရက်မှ ၅ ရက်နေ့ထိ မိုင်းခတ်မြို့၊ အမှတ် (၂) ရပ်ကွက် (ဝမ်နောင်မို)ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒေသခံရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်စူး၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ (ပွဲတန်ထမ်း) ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အဆိုပါရိုးရာပွဲကို ယင်းကျေးရွာအတွင်းမှ အလှူရှင်တစ်စု(ကောက်ထမ်း)၏ အိမ်တွင်ပြုလုပ်ပြီး ပါဝင်လှူဒါန်းလိုသူများကိုလည်း ဖိတ်ကြားကာ သဒ္ဓါတရားတတ်နိုင်သ၍ ပူးပေါင်းပါဝင်လှူဒါန်းကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအလှူပြုရာတွင် အလှူရှင် (ကောက်ထမ်း) တို့မှစုပေါင်း လှူဒါန်းကြသည့် ဘုရားကျောင်းပုံစံအိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံး အဆောင်ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံအမျိုးမျိုး၊ အစားအသောက်အမျိုးမျိုးနှင့် အလှူပစ္စည်းတို့ဖြင့် ဆင်မြန်းထားသည့် ဆင်ရုပ်တို့ကို ပြုလုပ်ဆက်ကပ်လှူဒါန်းခြင်း၊ တရားနာကြားသူများမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ပုံးငယ်အတွင်း ထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုကြကာဒေသခံတိုင်းရင်းသားတို့၏ အထွဋ်အမြတ်ထားရာ ပွဲတော်တစ်ခုဖြစ်ပြီး ရှမ်းရိုးရာအစားအစာမုန့်‌ဈေးတန်းဆိုင်များဖြင့်အထူးစည်ကားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)