လယ်ဝေး စက်တင်ဘာ ၅
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ လယ်မြေများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျေးရွာချင်းဆက်လမ်းများကောင်းမွန်စေရေးနှင့် မြန်မာအီလက်ထရောနစ်ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် သဲကောကြီးကျေးရွာအနီးရှိ ကွင်းအမှတ် ၁၈၀၇၊ မဒန်းဆည်ရေသောက်စနစ်၊ လက်တံမြောင်းအမှတ်(၂)၊ အလျား၂၂ပေ၊အနံ ၄ပေ၊ အမြင့်၄ပေ Box Culvert တစ်စင်းတည်ဆောက်နေမှု၊ အလျား ၁၇၅ ပေ၊အကျယ်၅ပေရှိ ကွန်ကရစ်လိုင်နင် ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး (၅) မှ ဦးစီးအရာရှိ ဦးဇော်မျိုးလတ်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည်။ အဆိုပါ Box Culvert တည်ဆောက်ပေး ခြင်းဖြင့် လယ်မြေဧက ၇၀ အားအကျိုးပြုနိုင်မည်ဖြစ်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းများမှ ကာကွယ်၍ ရေစီးရေလာကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ငလျှင်ဒဏ်ကြောင့် သာစည်ကျေးရွာအဝင်လမ်းပေါ်ရှိ ကွန်ကရစ်ရေပြွန် ကျိုးကျပျက်စီးသွားသောနေရာတွင် လယ်ဝေးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အလျားပေ၂၀၊ အနံ ၅ပေ၊ အမြင့် ၅ပေရှိ Box Culvert တစ်စင်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးသည်။ အဆိုပါ Box Culvert သည် သာစည်ကျေးရွာ၊ ဘကူသပိတ်ကျေးရွာ၊ ကြက်သွန်ခင်းကျေးရွာ၊ ရွှေအုန်းပင်ကျေးရွာများသို့ သွားရောက်သည့် ကျေးရွာချင်းဆက်လမ်းပေါ်တွင်တည်ရှိကာ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လယ်ယာထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာဓမ္မာရုံတွင် ပျံချီအုပ်စု၊ ပေါက်မြိုင်အုပ်စု၊ ရေကာအုပ်စု၊ အလယ်ကျွန်းအုပ်စုများရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောကာ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပန်းတင်ကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း (၃)စီမံချက်ဖြင့် ပြောင်ခေါင်းကြီး အုပ်စုအတွင်းမှ ကျေးရွာများရှိ ဒေသခံပြည်သူ ၃၀ ဦးအား ၁၈ နှစ်ပြည် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ လဲလှယ်၊ မိတ္တူများဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုကာ ပြည်သူတို့၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)