သုံးခွမြို့နယ် အ.မ.က (၁) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

သုံးခွ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.မ.က (၁) ကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အကြောင်းအရာများကို ပြောကြားရာတွင် ငလျင်သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ အချိန်အခါမရွေးကျရောက်နိုင်သောကြောင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့် အချက်များ၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က စားသုံးရန်မသင့်သော အစားအစားများအကြောင်းကို ရှင်းလင်းပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၅ ဦးတို့က ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)