တောင်ကြီး စက်တင်ဘာ ၅
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီခွဲက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း) အတွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွားမွေးမြူရေးဇုန်သို့သွားရောက်မည့် အဝင်ဆေးဖျန်းဂိတ်ဘေးရှိ ဇီဝလုံခြုံရေးဧရိယာ (၆.၆၈) ဧက လုပ်ငန်းဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက လုပ်ငန်း Master Plan နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇီဝလုံခြုံရေး အဆောက်အဦများ ပြီးစီးပါက မွေးမြူရေးဇုန်ကော်မတီထံ သေချာအပ်နှံရန်နှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းအရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် ရေရှည်ခိုင်ခန့်အောင် ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့် မွေးမြူရေးဆက်စပ်လုပ်ငန်းများဆောင်ရွက်မှုထားရှိမှုအခြေအနေ၊ တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်ကော်မတီ အတွင်းရေးမှူးက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် နို့စားနွားကောင်ရေ ဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှင်းလင်းတင်ပြချက်အပေါ် မွေးမြူရေးဇုန်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များကလည်း အခက်အခဲရှိပါက တင်ပြပေးကြရန်၊ နိုင်ငံတော်အနေဖြင့် မွေးမြူရေးဇုန်များ အကောင်အထည်ဖေါ်ပြီး ဒေသအတွက်အကျိုးရှိအောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များက မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်ကိုခွဲ၍ ဇုန်အလိုက် တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲထံ တင်ပြနိုင်ရန်အတွက် မွေးမြူရေးဇုန်ကို မွေးမြူရေးပညာရှင်များနှင့်ဆောင်ရွက်ပြီး ရေရှည်တွင် စနစ်တကျရှိသည့် စံပြမွေးမြူရေးဇုန်ဖြစ်ရန် လိုအပ်ပါကြောင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်းများတွင် အခက်အခဲရှိပါက တင်ပြပေးရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးဇုန်အတွင်း လုံခြုံရေးကောင်းမွန်မှုရှိရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးဇုန်နှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ရာ လုပ်ငန်းရှင်များကလည်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်ဖြည့်စွက် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းရှင်ဦးအောင်အောင်သန်း မွေးမြူထားသော ဒေသနွားရုံ၊ ဇုန်အတွင်းရှိဆည်များဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ငါးမွေးမြူရေးကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ SUPER SEVEN STARS AGRI TECH CO.,LDT မှ နို့စားနွားမွေးမြူရေးရုံ တိုးချဲ့အဆောက်အဦ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ နို့ညစ်စက်ရုံ၊ နို့စားနွားရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)