နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဝဲကြီးကျေးရွာအုပ်စု၌ မိုးစပါးစိုက်တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက် သည်။

ဦးစွာ  နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း  နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများ စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံး သီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေး၊ တောင်သူနည်းပညာပေးလုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်ရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် တောင်သူများအနေဖြင့် ရရှိပြီးသော ဓာတ်မြေဩဇာများကို သီးနှံပေါ်ပါက အကြေပြန်လည်ပေးဆပ်နိုင်ရေး၊ စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲ သတ်မှတ် နိုင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ဓာတ်မြေဩဇာများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)