မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ မတည်ရန်ပုံငွေချေးငွေပေးအပ်ပွဲနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေးခြင်းနှင့် သဘာဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်အချိန်က မြို့ချောင်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်း (ကရင်) ကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ ဒုတိယအကြိမ် ချေးငွေအောင်သူ (၈၁) ဦး အားချေးငွေကျပ် (၃၃၅) သိန်းပြန်လည်ထုတ်ချေးပေးနေခြင်းအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေး၍ ကျေးရွာသူ ကျေးရွာသားများအား ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့ချောင်းကျေးရွာအုပ်စု၊ဥသျှစ်ကုန်း (ကရင်) ကျေးရွာ၌ ကျင်းပခဲ့ရာ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သော ရောဂါများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအချက်လက်များ၊ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာသူကျေးရွာသားများက သိရှိလိုသည်များ အားမေးမြန်၍ မြို့နယ်ဦးစီးမှူးက မြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စန်းဝင်းမြို့နယ် (ပြန်/ဆက်)