မိုးညှင်း စက်တင်ဘာ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်း က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ ရဲအုပ် ဇော်ဘုန်းရှိန်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်းစေမှုများ၊ လူကုန်ကူးခြင်း၏ အဓိကအချက်များ၊ လူကုန်ကူးမှုခံရနိုင်သည့် အခြေခံအကြောင်းတရားများ၊ ပြည်ပဆိုင်ရာ အလုပ်သမားဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အွန်လိုင်းအသုံးပြု၍ ပြည်တွင်းပြည်ပတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးခေါ်ယူခြင်းခံရမှုအပေါ် လူကုန်ကူးခြင်းခံရနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ စသည်တို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်တာဝန်ခံ ဆရာမဒေါ်စံပယ်က အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးဗီဒီယိုကိုပြသကာ သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း