ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့မစျေးကွက်အတွင်းရောင်းချသော ဆန်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင်ကွမ်းခြံကုန်းမြို့နယ်မြို့မစျေးတွင်ရောင်းချနေသော ငစိန်၊ ဧည့်မထ၊ မီးဒုံ၊ ငကျွဲစသော ဆန်စျေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးက ဆန်စျေနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးအတွင်း၌သာ ရောင်းချကြရန်၊ စျေးနှုန်းမြှင့် တက်ရောင်းချခြင်းမပြုရန်၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုကြရန် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ စျေးကောက်တာဝန်ခံ ဦးသန့်ဇော်ဦးတို့ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)