ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ လောကပါလဓမ္မာရုံတွင် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးသည့်စနစ်အား မဲဆန္ဒရှင်ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအား  လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ မှန်ကန်ပြည့်စုံမှု ရှိသည့် ရိုးရှင်းပြီး စနစ်ကျသော မဲပေးသည့်စနစ် ဖြစ်ပါကြောင်း  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် မင်္ဂလာဒီပရပ်ကွက်သို့သွားရောက်ပြီး ဓမ္မမဏ္ဍိုင်ဓမ္မာရုံ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)