ကြည့်မြင်တိုင် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကရင်အမျိုးသားရပ်ကွက်၊ တစ်နေ့ဆယ်ပြားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲတွင် သင်တန်းနည်းပြများ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းတက်ရောက်ပြီးသူ သင်တန်းသားများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ဆန္ဒပြုခန်းအတွင်း မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို သရုပ်ပြသကြရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)