ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး တောင်သူတစ်ချို့သည် ဟင်းသီး၊ဟင်းရွက်သီးနှံမျိုးစုံကို နှစ်ပတ်လည်စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ကာ ရောင်းချရာ၌ တစ်ပိဿာငွေကျပ် (၁၅၀၀) ကျော်ဖြင့် ရောင်းချရသဖြင့် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးနှံစိုက်ပျိုးမည်ရာ၌ အပင်အသေအပျောက်မရှိစေရန်အတွက် မျိုးစေ့များကို ဦးစွာ ပျိုးအိတ်များဖြင့် ဦးစွာပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် ကာလရှည်သီးနှံဖြစ်ပြီး စိုဓာတ်မပြတ် ရေသွင်းရေထုတ်ပြုလုပ်နိုင်ရေး မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅) ပေအကွာ စိုက်ပျိုးရပြီး အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများပြုလုပ်ပေးရကြောင်း၊ တစ်လတစ်ခါ အာမိုမြေဩဇာနှင့် ပုလဲမြေဩဇာရော၍ ချိန်ဆကာ မြေဆီထည့်ပေးရပြီး ရေသွင်းပေးရကြောင်း၊ လိုအပ်တဲ့အချိန်များတွင် အပင်အားတိုးဆေးနှင့်ပိုးနှင်ဆေးများ ဖျန်းပေးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းသည့် အပင်များရရှိကြောင်း သိရသည်။
ခူးဆွတ်ရောင်းရာ၌ ဈေးကွက်အပေါ်မူတည်၍ နေ့စဉ်ခူးဆွတ်ရောင်းချခြင်း၊ ရက်ခြားခူးဆွတ် ရောင်းချခြင်းများပြုလုပ်ကြောင်း၊ ခရမ်း (၁) ဧက စိုက်ပျိုးထားပါက စတင်ခူးဆွတ်ချိန်၌ (၄၅) ပိဿာခန့် ရရှိပြီး အသီးလှိုင်ချိန်၌ (၁၀၀) ပိဿာကျော် ထွက်ရရှိပြီး ရောင်းဈေးအနေဖြင့် ဈေးကွက်အပေါ်မူတည်၍ တစ်ပိဿာငွေကျပ် (၁၅၀၀) ကျော်ရောင်းချရသဖြင့် ခရမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)