ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့်မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း ပြည့်စုံစွာ သိရှိနိုင်ရေးနှင့်လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က မြို့နယ်အတွင်းဆောင်ရွက်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများ အကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးဦးမြင့်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်အကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီ (၇)ပါတီမှ ပါတီဝင်ဦးရေ(၅၂၅)ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့ စမ်းသပ်မဲပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)