မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

အောင်မြေသာစံ စက်တင်ဘာ ၅

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သောင်းစိုးနှင့်ကော်မတီဝင်များ၊ တိုင်း‌ဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ တိုင်း‌ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်လင်းအောင်နှင့်တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် ဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်နှင့် ထူးချွန်ထက်မြက်သောတိုင်းဒေသကြီးလက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင်အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးအားကစားတွင်သာမက အမျိုးသမီးကဏ္ဍများတွင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဘောလုံးအားကစားနည်းတွင်သာမက အခြားအားကစားနည်းများတွင်လည်း တိုင်းအဆင့်မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားနေကြရမည် ဖြစ်ပါကြောင်း ပြောကြား၍ ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅) နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများကို လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် တိုင်းဆက်လက်ကျင်းပခဲ့ပြီး ရမည်းသင်းခရိုင်အသင်းနှင့် မဟာအောင်မြေခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)