စစ်တွေ စက်တင်ဘာ ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင် (၁၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခုတင် (၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြုများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ် ဆက်ကြသည်။ ဆက်လက်၍ ဆေးရုံတက်ရောက် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တပ်မတော်မှ ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင် (၁၀၀)မှ အထူးကုဆရာဝန်ကြီးများနှင့်ဆရာဝန်၊ သူနာပြုများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ချီးမြှင့်ငွေနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတပ်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံကျွေးမွေးသည့် အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ နေ့လယ်စာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တိုင်းမှူးက လုံခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည့် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးပြီး တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်) ဓာတ်ပုံ- ဝင်းမင်းစိုး