နမ့်စန်(တ) စက်တင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စက်တင်ဘာလ(၇)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းလေထုနေ့ (International Day of Clean Air For Blue Skies) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၂၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်က အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံ၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ဆောင်ပုဒ်၊ လေထုနှင့် လေထုညစ်ညမ်းမှုအဓိပ္ပါယ်၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့်အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော ပစ္စည်းများနှင့် လေထုညစ်ညမ်းမှုကို ကာကွယ်သောနည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး၍ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့နှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းဆွေးနွေးကာ ဖြေဆိုသောကျောင်းသားကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)