နမ့်စန်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်လူရွေးပွဲကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့် ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီကစတင်၍ အမှတ်(၅)ရပ်ကွက် မြို့နယ်အားကစားကွင်းနှင့်  အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)ကျောင်းအားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လူရွေးပွဲတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူများက ဘောလုံး(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း (ကျား)နှင့် ပြေးခုန်ပစ်(ကျား/မ) အားကစားနည်းများကို ယှဉ်ပြိုင်လျက်ရှိရာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ အ.ထ.က ကျောင်းအုပ်ကြီးများက ပြိုင်ပွဲကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်တွင် ထပ်မံရွေးချယ်ခံပြီး ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)