မြစ်သား ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ်(၆)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့ နံနက်၉နာရီကစတင်ပြီး လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ် (၆)ရပ်ကွက်ရှိ မွေးကင်းစမှတစ်နှစ်ခွဲအောက် ကလေးငယ်များ ကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ် ရောင်(ပီစီဂျီ)နှင့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ် ဆေးများကိုအသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေး ပေးသွားမည်ဖြစ် ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)