မူဆယ်မြို့တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းရှင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြဆောင်ရွက်

မူဆယ် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်အသုံးပြုမည့်စက်ဖြစ်သည့်အတွက် စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် ကိုယ်တိုင်မဲပေးရာတွင် အမှားအယွင်းမရှိစေရေးတို့ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။  ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇာနည်မြင့်ထွန်းက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြီး မဲပေးစက်ကိုင်တွယ်အသုံးပြုပုံ၊ ကိုယ်တိုင်မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများမှ သိရှိလို၍ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မူဆယ်မြို့ရှိ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရပ်ကွက်/ကျေးရွာ‌ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)