ကာလိ စက်တင်ဘာ ၄
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လွယ်ကူမြန်ဆန်မှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဟိုပန်ကျေးရွာခန်းမ၌ ယနေ့နံနက်(၉)ခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ ဦးစီးအရာရှိ ဦးဗန်ကယ်နှင့် ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြမဲပေးနည်းများကို ရှင်းလင်းပြသပေးခဲ့ပြီး တက်ရောက်သည့် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းများကို ကိုယ်တိုင်လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းအခမ်းအနားသို့ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုပန်ကျေးရွာနှင့် ဝမ်ဆတ်ကျေးရွာမှ ပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)