ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ကျုံးရွာမ မွေတော်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားသို့ တက်ရောက်

ပင်းတယ စက်တင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးရွာမမွေတော်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များဖြစ်သည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ်များမှမဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ်ဖြင့်လည်းကောင်း၊ ရောနှောထားသေကိုယ်စားလှယ်အချိုးကျစနစ်(MMP)နှင့် အချိုးကျကိုယ်စားပြုစနစ်(PR)တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုအခါ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား(MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်နိုင်ငံလုံးဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ပင်းတယမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပင်းတယမြို့နယ်အတွင်းရှိ မဲရုံများတွင်(MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း စသည်တို့ကိုပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရဲကွပ်ကဲမှုတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက  မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ် ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)