နောင်ချိုမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်ခြင်းနှင့် မဲပေးခြင်းအသိပညာပေးသင်တန်းဖွင့်ကျင်းပ

နောင်ချို စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်ခြင်းနှင့် မဲပေးခြင်းအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အပိုင်း(၁) ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ်ပါဝင်ကြောင်း၊ မဲပေးစက်ကိုင်တွယ်သူများနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးရာတွင် အဆင်ပြေချောမွေ့စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်ခြင်းနှင့် မဲပေးခြင်းအသိပညာပေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများနှင့် ကွဲပြားသည့် အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပထမပြောင်းလဲမှုသည် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရာတွင် အသုံးပြုသည့် ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း​၊ ယခင်ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်နှင့် FPTP ရောနှောထားသောစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဒုတိယပြောင်းလဲမှုသည် ယခင်ရွေးကောက်ပွဲအဆက်ဆက် မဲလက်မှတ်အသုံးပြု၍ တံဆိပ်တုံးထုခြင်းဖြင့် မဲပေးခြင်းအစား ယခုရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းကိုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မဲလက်မှတ်ဖြင့်မဲပေးခြင်းကို မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခြင်းတွင်သာ အသုံးပြုမည်ဖြစ်ပါကြောင်း၊ တတိယပြောင်းလဲမှုသည် ယခင်ရွေးကောက်ပွဲအဆက်ဆက် တနင်္ဂနွေနေ့(အများပြည်သူအလုပ်ပိတ်ရက်) ၁ ရက်တည်းသာ ကျင်းပခဲ့ပြီး ယခုအခါ ရွေးကောက်ပွဲများကို အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးဝင်းအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ သရုပ်ပြမဲပေးခြင်းနှင့် ကိုင်တွယ်အသုံးပြုမှု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများအား Power point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ့သို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မိဘပြည်သူများက အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်းကိုလက်တွေ့ ဆောင်ရွက်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၅၀ ဦး၊ သင်တန်းသား/သူ၊ ဆရာ/ဆရာမ ၁၄၃ ဦး၊ ဒေသခံပြည်သူ ၇၀ ဦး စုစုပေါင်း ၂၆၃ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလ(၂) ရက်တာဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)