အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်

မဟာအောင်မြေ စက်တင်ဘာ ၄

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးသရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် Y Mandalay Hotel ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊  တိုင်းဒေသကြီး တာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်း‌အောင်ကျော်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြိုတင်မဲများမှလွဲ၍ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံများ၌မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) များဖြင့် မဲပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းများခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများရှိ အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို အပြည့်အဝယုံကြည်ကြောင်းနှင့် မိမိတို့အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အသိပညာ‌ပေးခြင်းနှင့်  သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်း တို့က မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုတတ်စေရန် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုနည်းနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း