ချမ်းအေးသာစံ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးကို စက်တင်ဘာ ၃ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီး နိုင်ငံများအတွက်အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံခြား၀င်ငွေရရှိမှုကို အထောက်အပံ့ပေးနေသည့်အပြင် လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အတွက် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အကျိုးပြုနေသည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများရှိခဲ့ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ရေး တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့် လာမည့်နှစ်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ လုပ်ငန်းများကြန့်ကြာမှုမရှိစေရန်သက်ဆိုင်ရာဌာနများက ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများမှာလည်း ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ခရီးသွားဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ခရီးလှည့်လည် ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းများနှင့်ပတ်သက်၍ (၃/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံ များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့်အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြကြရာသက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေး အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်