စစ်တွေ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့သန့်ရှင်း သာယာလှပရေး၊ မြေယာရှုခင်းများ စနစ်တကျဖြစ်စေရး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းခြံအတွင်းရှိ ဆရာတော်ဦးဥတ္တမရုပ်တုနှင့် ရင်ပြင် သန့်ရှင်းသာယာရေး၊ ဆိုလာစနစ်ဖြင့် မီးများတတ်ဆင်နိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး တို့က လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ မီးသတ် တပ်ဖွဲ့ဝင်များက (Rescue Ranker Shore) ထောက် ထောက်ခြင်း ကိရိယာအား အသုံးပြုပုံကို သရုပ်ပြသခြင်း၊ (Rescue Tool) ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံကို ပြသခြင်း၊ (Air Lifting bag) လေအိတ် အသုံးပြုပုံတို့ကို သရုပ်ပြသကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်တပ်ဖွဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ရောက်ရှိလာပြီး လေ့ကျင့်ဆောင်ရွက်နေမှုကို လာရောက်ကြည့်ရှု အားပေးခြင်းဖြစ်ကြောင်း၊ ရောက်လာသောပစ္စည်းများသည် တန်ဖိုးမြင့်ပြီး နည်းပညာလည်း မြင့်သည့်အတွက် စနစ်တကျလေ့လာကာ အကျိုးရှိရှိအသုံးချသွားရန်လိုကြောင်း၊ အလားတူ စနစ်တကျ လေ့ကျင့်ထားရမည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်သည့်အခါတွင် ကျွမ်းကျင် တတ်မြောက်ထားသည့် အတွက်အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသုံးပြု ပြီးသည့်အခါ၊ လေ့ကျင့်ပြီးသောအခါတွင်လည်း စနစ်တကျ သိမ်းဆည်းထားကြရမည် ဖြစ်ကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာမည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးအတွက်လည်း စနစ်တကျလေ့ကျင့်ဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း၊ ဈေးများ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဟောပြောခြင်းနှင့် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် မိမိတပ်ဖွဲ့၏ ရပ်တည်ချက်များ၊ ရည်မှန်းချက်တာဝန်များနှင့် ဥပဒေပါပြဌာန်း ချက်များကိုကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်လည်း အထူးလိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး တပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ - ဝင်းမင်းစိုး