ငါန်းဇွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ငါန်းဇွန်      စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ စက်တင်ဘာ ၃ ရက်နံနက် ၉ နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြီး ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ကြေးဖြန့်ခွဲရေးအဖွဲ့ဝင်များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် မြို့နယ်တိုက်ပွဲရှောင်ထောက်ပံ့ကြေးဖြန့်ခွဲရေးအဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ယာယီနေရပ်စွန့်ခွာနေရသူ လူဦးရေ ၉၆၇ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (၂၀၂၅.ခုနှစ် ဧပြီ၊ မေ၊ ဇွန်) သုံးလစာအတွက် ငွေကျပ်၆၀၀၀၀စီကို အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံး အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက် ဓမ္မာရုံတို့တွင် ထောက်ပံ့ကြေးဖြန့်ခွဲရေးအဖွဲ့ဝင်များက စိစစ်၍ ထောက်ပံ့ငွေများ စနစ်တကျ ထုတ်ပေးခဲ့ကြောင်းနှင့် ကျန်းမာရေးအခက်အခဲကြောင့် လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူ/ကျန်ရှိသူများကိုလည်း လက်ဝယ်အရောက် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                           

သက်နောင်ဦး(ငါန်းဇွန်)