တွံတေးမြို့နယ် အ.ထ.က(ခွဲ)ကျွန်းတော၌ တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်သူများနှင့် ကျောင်းတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပွဲကျင်းပ

တွံတေး စက်တင်ဘာ ၃

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ထူးချွန်ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရသူများ၊ အောင်မြင်သူများနှင့် ကျောင်းတွင်းဆုရရှိသူများ ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတောကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ Grade-11 မှ ကျောင်းသူလေးများက "မြတ်ဆရာ" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အ.ထ.က(ခွဲ) ကျွန်းတောကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းက အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် Grade-5၊ Grade-9 တို့တွင် A အဆင့်ရအောင် သင်ကြားပေးခဲ့ကြသော ဆရာမများအား သင်ကြားရေးထူးချွန်ဆုပေးအပ်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း(Grade-12)မှ သင်ကြားရေးဆရာမများအား ဂုဏ်ပြုဆုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းက ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသူများ၊အောင်မြင်သူများနှင့် ကျောင်းတွင်း Grade-5 မှ Grade-11 အထိ ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုပေးပွဲတွင် Grade-6 မှ ကျောင်းသူ​လေးများက "အခြေခံကဗျာလွတ်" အက၊ Grade-5 မှ ကျောင်းသူလေးများက "ထာဝရသစ္စာသီချင်း"၊ Grade- 10 မှ ကျောင်းသူလေးများက "အလှကမ္ဘာမြေ" တေးသီချင်း၊ Grade-7 ကျောင်းသူများက "လောကအားမာန်" တေးသီချင်း၊ Grade-9 မှ ကျောင်းသူလေးများက "နောင်အင်းလေး" တေးသီချင်း၊ Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက "လမ်းပြကြယ်" တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်