မြစ်သား စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းပေါင်းစုံ အားကစား (၆) မျိုး မြို့နယ်အဆင့် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် အားကစားလေ့ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လူရွေးပွဲတွင် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အောက် ကျောင်းပေါင်းစုံတို့မှ ကျောင်းသား / ကျောင်းသူများက ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်းများဖြင့် ယှဉ်ပြိုင်လျက်ရှိရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်တွင် ထပ်မံရွေးချယ်ခံပြီး တိုင်းဒေသကြီးအဆင့် ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)