မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်များ ကွင်းဆင်းဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ရပ်ကွက်အုပ်စုပေါင်း(၄၃)အုပ်စုတွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ နှောကုန်းကျေးရွာ၊ ရွာသစ်ကုန်းပိုင်းရှိ မိုးကောင်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၇၅၁)ဦး တက်ရောက်ခဲ့သည်။

ယင်းနောက် နှောကုန်းကျေးရွာသူ/ကျေးရွာသားများအား လက်​တွေ့စမ်းသပ်သရုပ်ပြရာ၌ မဲဆန္ဒရှင်ပြည်သူများအား MEVM စက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတာဝန်ရှိ အကြီးကဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်တင်ဇာနွယ်တို့က မဲပေးစက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မဲဆန္ဒရှင်ပြည်သူများအား MEVM စက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူ(၇၅၁)ဦးက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)