မြောက်ဥက္ကလာပမြို့နယ်၌ အသက် (၇၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပုဂ္ဂိုလ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသက် (၇၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော အသက် (၇၀) အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဗဟုသုတများအား အသိပညာပေးဟောပြောပေးခြင်း၊ ကျန်းမာရေး ၀န်ထမ်းများက မြို့နယ်အတွင်းရှိ အသက် (၇၀) အထက် သက်ကြီးဘိုးဘွားများအား အသက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ်စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါစစ်ဆေးခြင်း၊ သွားဆရာ၀န်မှ သွားနှင့် ခံတွင်းစစ်ဆေးခြင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်ရွေ့လျားဓါတ်မှန်ရိုက်ကူးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ရင်ဘတ်ဓါတ်မှန်ရိုက်ကူးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ စုဝေး၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆယ်မိနစ်စာခုံထိုင်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ သက်ကြီးကျန်းမာရေးစကားဝိုင်းများ အသိပညာဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအတွက် NCD Clinic အား အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ဖွင့်လှစ်ဆေးကုသမှုပေးလျက်ရှိ‌ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)