အမရပူရ စက်တင်ဘာ ၃
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရန်နှင့် ၎င်းတို့၏ ဘဝပြန်လည်ထူထောင်နိုင်အောင် ဆောင်ရွက်ရာတွင် အလွန်အရေးကြီးသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့နံနက် ၉ နာရီက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်တို့ကို ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (မန္တလေး) မှ တပ်ဖွဲ့စုမှူး ရဲမှူး သူဇာလွင်က လူကုန်ကူးခံရသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းဆိုင်ရာများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်မှု လုပ်ငန်းများတွင် လူကုန်ကူးမခံရစေရေးအတွက် သတိပြုရမည့်အချက်များ၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ပါဝါပွိုင့်ဖြင့် အကျယ်တဝံ့ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲနှင့် သက်ဆိုင်သည့် မေးခွန်းများကို မြေးမြန်းရာ အဖြေမှန် ဖြေဆိုနိုင်သူများအာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တတင့်မိုးသူဇာက ဟောပြောဆွေးနွေးပေးပါသော ရဲမှူးသူဇာလွင်အား ဂုတ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ မောင်ရှိန်းထက်အောင် (နိုင်ငံတကာဆက်ဆံရေးပညာအထူးပြု)၊ ဒုတိယဆုရ မဇင်ဇင်ထက် (ဥပဒေပညာအထူးပြု)၊ တတိယဆုရ မောင်အောင်ပြည့်ဖြိုးကျော် (အင်္ဂလိပ်စာအထူးပြု) တို့အားပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ပြီး၊ ကဗျာပြိုင်ပွဲတွင် ပထမဆုရ မနှင်းရတီဦး (နိုင်ငံတကာဆက်ဆံရေးပညာအထူးပြု)၊ ဒုတိယဆုရ မဇင်ဇင်ထက်(ဥပဒေပညာအထူးပြ)၊ တတိယဆုရ မအိမ့်ရတနာဦး (နိုင်ငံတကာဆက်ဆံရေးပညာအထူးပြု) တို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးဝင်းနိုင်က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာ ဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)