ကော့မှူးတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်

ကော့မှူး စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်တိုးနှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက်က နတ်စင်ကုန်းကျေးရွာ ကွင်းဝိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်လျင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က သင် တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ သဘာဝဘေးအရစိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ စပါးပန်း တိုင်အထွက်တိုးနှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို တောင်သူများအားရှင်းလင်းပြောကြားခဲ့ပြီး၊ မြေအသုံးချရေးတာဝန်ခံနှင့် မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းနှင့်ဒေါ်ခင်ခင်ပြုံးတို့က အဓိကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးများပြုလုပ်သုံးစွဲရေး၊ ဓာတ်မြေဩဇာများထည့်သွင်းသုံးစွဲရာတွင် သီးနှံအထွက်တိုးစေရေး အချိန်ကိုက်အချိုးကျသုံးစွဲရေး၊ သီးနှံအထွက်နှုန်းပိုမိုရရှိသောမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးစသည့်အကြောင်းအရာများ ပြောကြားခဲ့ရာ တက်ရောက်လာသောဒေသခံတောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်နိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ နတ်စင်ကုန်းကျေးရွာအတွင်းရှိ တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။       

ကျော်သူရ(ကော့မှူး)