ကိုကိုးကျွန်းမြို့နယ်တွင် ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပ

ကိုကိုးကျွန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအတွက် ဉာဏ်ရည်မြင့်မားစေရန် ဉာဏပြိုင်ပွဲပြုလုပ်ကျင်းပခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူမှ ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးများ ဉာဏ်ရည်ဉာဏ်သွေး တိုးတတ်မြင့်မားလာစေရန်၊ စာအုပ်စာပေကိုချစ်မြတ်နိုးပြီး အလေးထားတန်ဖိုးထားတတ်စေရန်၊ စာဖတ်ခြင်းကို ဝါသနာထုံ၍ လေ့လာတန်ဖိုးထားပြီး စာဖတ်ချင်စိတ်များ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကလေးများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ဂိမ်းကစားနည်းများဖြစ်သော အရောင်တူအရုပ်စက်ခြင်း၊ သစ်သားတုံးကလေးများဖြင့် အိမ်ဆောက်ခြင်း၊ စစ်တုရင်ကစားခြင်း၊ စက္ကူခေါက်ခြင်းနှင့် စာဖတ်စွမ်းရည်မြင့်မားစေရန် ကလေးတစ်ဦးချင်းစီအား စာအုပ်ဖတ်စေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စက္ကူခေါက်၊ အရုပ်စက်ဂိမ်းကစားနည်းများ၊ ပုံပြင်ဖတ်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်းပြိုင်ပွဲများကို လစဉ်လတိုင်း အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)