လှိုင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁ ရက်နေ့ နံနက်(၉)နာရီ အချိန်က လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လှိုင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိဦးဟိန်းလင်းထက်က မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ရွာအခြေပြုမီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်စိုးမှ အရန်မီးသတ်တပ်ဖွဲ့၀င်များအား တူညီ၀တ်စုံပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့မိမြို့ဖများနှင့် သင်တန်းသူ/သား ၅၀ ဦး တို့တက်ရောက်ခဲ့ပြီး သင်တန်းကာလအား စက်တင်ဘာလ(၁)ရက်နေ့မှ (၂၆)ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)