ကိုကိုးကျွန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကိုကိုးကျွန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးငြိမ်းဝေယံဟိန်းမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏လုပ်ဆောင်ချက် (System Unit) များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော မဲဆန္ဒရှင်တစ်ဦးစီက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး တက်ရောက်သူ (၂၀၇)ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)