မြစ်သား စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်း ကို စက်တင်ဘာ ၃ ရက် နံနက် ၉နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ပြည့်ဖြိုးဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းမောင်က မဲပေးစက်ဖြင့်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးသန်းမောင်နှင့်အဖွဲ့ဝင်များက မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှုပုံစံများကို ဌာနဆိုင်ရာဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြသခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၅၁၅ ဦးခန့်တက် ရောက်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)