မော်လမြိုင် စက်တင်ဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အက်တမ်မြန်မာလိမိတက်မှ ICT Lab လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ငန်းတေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ငန်းတေး)ကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ATOM Myanmar Limtied မှ စီမံအုပ်ချုပ်မှု အဖွဲ့ဝင်တို့က ICT Lab အခန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အက်တမ်မြန်မာလိမိတက်မှ ICT Lab လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ငန်းတေးအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အတွက် ကျောင်းသူ/ကျောင်းသားများအား ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ATOM မှ စေတနာအပြည့်အဝဖြင့် ICT Lab လာရောက်လှူဒါန်းသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ဝမ်းသာဂုဏ်ယူအထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် IPad, Tablet များအသုံးပြုသည်အထိ အဆင့်မြင့်လာကြပြီး ယခုဆိုလျှင် ဉာဏ်ရည်တုစက်ရုပ်ခေါ် Artifician Intelligence (AI)ကိုအသုံးပြုလာပြီးဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာကိုတတ်မြောက်မှုဟာ လူတိုင်းအတွက် မဖြစ်မနေလိုအပ်နေပြီဖြစ်၍ နည်းပညာအသုံးချတတ်ခြင်းဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအလုပ်အကိုင်နဲ့ နေ့စဉ်အဆင့်အတန်းတိုးတက်မှုများအတွက် လွန်စွာ အ ထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ပညာတတ်လူငယ်များဖြစ်စေရန် ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များသင်ယူစေခြင်း IT နှင့် AI နည်းပညာများ သင်ယူလေ့လာစေခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး ဘာသာတရားနှင့်ကိုက်ညီသော သုတ၊ ရသ စာပေ လေ့လာ စေခြင်းဖြင့် နိုင်ငံတော်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလျက်ရှိရာ ကျောင်းသား လူငယ်မောင်မယ်များအနေဖြင့် အထူးအလေးထားကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ATOM Myanmar Limited ၏ အမှုဆောင်အရာရှိချုပ် (CEO) Mr.Ahmad မှ အမှာစကားပြောကြားပြီး ATOM Myanmar Limited ၏ ကော်ပရိတ်ရေးရာရှိချုပ်(CCAO) ဦးသိန်းဟုတ်က ICT Lab လှုဒါန်းရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြ၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ငန်းတေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ATOM Myanmar Limitedအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ငန်းတေးကျောင်းမှ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအား အခြေခံကွန်ပျူတာနှင့် အင်တာနက်သင်ခန်းစာများလေ့လာနိုင်ပြီး ပိုမိုကောင်းမွန်သောပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် နည်းပညာသုံးပစ္စည်းများပါဝင်သောစာသင်ခန်း (ICT Labs) တပ်ဆင်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူလေးများ၏ စာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)