လွိုင်လင် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ( အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အမှတ်(၄) ရပ်ကွက်ဘောလုံးအသင်းနှင့် အမှတ်(၂) ရပ်ကွက်ဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြရာ ပိုင်နယ်တီအဆုံးအဖြတ်ဖြင့် အမှတ် (၂) ရပ်ကွက်အသင်းက ၇ ဂိုး ၆ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများ၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုချီးမြှင့်ပေးကြသည်။ ယင်းနောက် ဒုတိယဆုရရှိသည့် အမှတ်(၄)ရပ်ကွက်ဘောလုံးအသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်ကလည်းကောင်း၊ ပထမဆုရရှိသည့် အမှတ် (၂)ရပ်ကွက်ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ ဌာနဆိုင်ရာများ၊ ဘောလုံးချစ်ပရိတ်သတ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
လွိုင်လင်မိုး