မရမ်းကုန်းခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်

မရမ်းကုန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းညှိနှိုင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မြေပြင်ကြိုတင်ကွင်းဆင်းညှိနှိုင်းရာတွင် မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အခမ်းအနားကျင်းပဆောင်ရွက်နိုင်ရေး ကြိုတင်‌ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ပညာရေးမှူး ဒေါ်သီတာမင်းက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြကြသည်။

ယင်းနောက် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဌာနအလိုက်အစီအမံများ ဆောင်ရွက်ထားရှိမှုအား တင်ပြကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်အေးချမ်း (ပြန်/ဆက်)