မိုင်းရှူး စက်တင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက်၊အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစိုးထွေးက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက ဗလငါးတန်အကြောင်းနှင့် အားကစားအမျိုးမျိုးပြုလုပ်ခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းဟောပြောခဲ့သည်။ ယင်းနောက် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာကြီးထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေး၊ ပလတ်စတစ်အန္တရာယ်နှင့် စာဖတ်ကြပါစို့ အသိပညာပေး ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)