မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ခေမာသီဝံကျောင်းတိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးမြသိန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို နည်းပြများက ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မဲပေးစက်အသိပညဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကူးတိုဆိပ်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၆၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)