ရန်ကုန် စက်တင်ဘာ ၃
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေ တိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အမှူးပြုသော ပင့်သံဃာ(၁၈)ပါး၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဆရာတော်ဘဒ္ဒန္တကေလာသက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကိုပင့်လျှောက်ကာ ဆရာတော်ဘဒ္ဒန္တသောဘနက နတ်ဗြဟ္မာများကိုဖိတ်ကြားပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပဋကဓရ၊ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ စမ္မာစရိယ (ဝဋံသကာ)၊ ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသဆရာတော်ထံမှ ပဌာန်းတရားရွတ်ပွား စိတ်ထားနည်းနှင့် အကျိုးတရားများ နာကြားသည်။
ယင်းနောက် ဆရာတော်ဘဒ္ဒန္တဥတ္တမက ပဌာန်းတိုက်တွန်းလွှာရွတ်ဖတ်ပူဇော်ပြီး ဆရာတော်များနှင့်ပရိတ်သတ်အပေါင်းတို့က မဟာပဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကိုစုပေါင်းရွတ်ဆိုပူဇော်ကြကာ အလှည့်ကျ ပဌာနဘာဏက သံဃာတော်အရှင်သူမြတ်က ပဌာန်းပါဠိတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်ပြီး အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ(၂)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)