တောင်ကြီး စက်တင်ဘာ ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာ(၃)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဂနိုင်ကန်သာယာတောင်ဘက်ခြမ်းရှိ ခြံစည်းရိုးကာရံပြီးစီးမှုအခြေအနေနှင့် ကန်ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်း၊ လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းများရေရှည်ကောင်းမွန်ခိုင်ခန့်အောင် ဆောင်ရွက်ရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လမ်းပုခုံးသားများကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်ရုံး မီးပွိုင့်မှစ၍ တောင်ကျောင်းကြီးသွားလမ်းနှင့် ဂနိုင်ကန်သို့သွားသည့်လမ်းအား ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မည့်နေရာအားကြည့်ရှု၍ လမ်းအကျယ်ကို စနစ်တကျတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)